လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်၊စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ...

ဖြူစင်လှပသော နှလုံးသားများပေါင်းစပ်ကြရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ မြို့ရော တောပါ နေရာအနှံ့အား အာရုံပြုကြည့်လိုက်လျင် ဆင်းရင်းနွမ်းပါးသော မိသားစုများက ပို၍များပြားနေသည်ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ၄င်းမိသားစုများမှ မျိုးဆက်သစ်လူငယ် အများစုသည်လည်း ပညာလုံးဝမသင်နိုင်သူ၊ တပိုင်းတစသာ သင်ခဲ့ရသူများကို နေရာအနှံ့ တွေ့ရှိနိုင်ပါသည်။ ယခုအခါတွင် ဘ၀ကိုလွယ်လွယ်နှင့် လက်မြှောက်၊ အရှုံးမပေးလိုသော လူငယ်များသည်၊ လူငယ်များ၏ ဘ၀၊ ပညာရေးကို မြှင့်တင်ပေးရန် ရည်ရွယ်လျက် ဖွင့်ထားသော နီးစပ်ရာ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းများသို့ ခိုနားကာ အခက်ခဲများစွာနှင့် ပညာသင်ယူလျက်ရှိနေကြပါသည်။

သူတို့လေးတွေရဲ့ဘ၀ နိပ်မြုတ်လုမတတ် အခက်ခဲများကြားမှ ပရိယာယ်မဲ့ ခေါ်သံ၊ အင်အားမဲ့ ကမ်းလှမ်းထားသောလက်များကို ငါတို့တထွေ ဖြူစင်လှပသော နှလုံးသားချင်း ပေါင်းစပ်ပြီး ရှိသမျှအားကိုသုံးကာ လက်တဖက် ကမ်းလှမ်းပေးကြမယ်’၊ နေမင်းကြီးလို ပညာ အလင်းတန်းများ အံ့မခန်း ဆင်မြန်းထားတဲ့ ချောက်ကမ်းပါး အပေါ်ထက်သို့ အရောက်ဆွဲတင်ကြမယ်၊’ သင့်မြတ်ရာကို ဖြစ်အောင်လုပ်ကြမယ်”။ ဟူသော စိတ်ဓါတ်အင်အားများ၊ အားနည်းသူကို ကူညီချင်သော ကရုဏာတရားများသည် နှလုံးသားရှိသော လူသားတိုင်း ဖြစ်ပေါ်လာကြမည်မှာ ဧကန်ပင်၊

ပညာသဘာ အာဘာ နတ္ထိ၊ ပညာနှင့်တူသော အလင်းရောင်သည် မရှိ။ ပညာ လောကသ္မိံပဇ္ဇောတော၊ ပညာသည် ကမ္ဘာလောကကြီး၏ အလင်းရောင်ဖြစ်သည်။ ဟူသော စာပေအဆိုအမိန့်များကို ထောက်ဆကြည့်လျင် ကိုယ်နှင့် ကမ္ဘာကြီး၏ တွင်း,ပြင် နှစ်တန် အလင်းနှင့် တန်ဆာဆင်နိုင်ဖို့ရန် ပညာရေးသည် ဘယ်လောက်များအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို လက်ရှိတိုးတက်နေသော ကမ္ဘာကြီးကို ကြည့်လျင် ထင်ရှားစွာ သိရှိနိုင်ပါသည်။

ဒီနေ့ခေတ်ကာလ၌ တိုးတက်သော အနာဂတ် လူမျိုးနှင့် နိုင်ငံအားတည်ဆောက်ရန် အရေးအကြီးဆုံးဖြစ်သော အနာဂတ်လူငယ်များ၏ ပညာရေးအား မာန်မာနအငွေ့မဖက်သော လူသားချင်းစာနာတတ်တဲ့စိတ်၊ အပေါ်ရောက်နေသူတို့ အောက်ကလူများအား ဆွဲခေါ်တင်ပေးချင်တဲ့လက်၊ ဖြူစင်လှပသော နှလုံးသားများပေါင်းစပ်ထားတဲ့အားများနှင့် ၀ိုင်းဝန်းလျက်၊ အနာဂတ်မျိုးဆက်သစ်များ၏ ပညာရေးအလင်းရောင်အား ထွန်းညှိ၊ မြှင့်တင်ပေးကြရန်နှင့်  မိမိတို့လည်း လူသားစွမ်းရည်များ ပိုမိုမြှင့်တင်ကြပါစို့…လို့ တိုက်တွန်း ဖိတ်ခေါ်အပ်ပါသည်။

0 Response to "ဖြူစင်လှပသော နှလုံးသားများပေါင်းစပ်ကြရန် ဖိတ်ခေါ်ခြင်း"

Post a Comment

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme